“လျှပ်စစ်ဓာတ်အားကို အလှည့်ကျစနစ်နဲ့ ပြန်လည်ဖြန့်ဖြူးပေးမည်”
05 Oct
ပြင်းထန်တဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်များ မြင့်တက်ကာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပိုမိုမြင့်မားလာတဲ့အတွက် အလှည့်ကျစနစ်နဲ့ ဝန်အားထိန်းညှိဖြန့်ဖြူးပေးသွားမှာဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက အောက်တိုဘာလ ၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိမှာမုတ်သုံလေဆုတ်ခွာပြီး ပွင့်လင်းရာသီသို့ရောက်ရှိလာခြင်း၊ ပြင်းထန်တဲ့အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်သိသာစွာ မြင့်တက်လာခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပိုမိုမြင့်မားလျက်ရှိပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၇ ခုနှစ် မိုးရာသီကာလအထိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ရေလှောင်တမံများမှာ ရေခန်း ခြောက်မှုမရှိစေရန် ထိန်းညှိထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်ဆိုလာနှင့်ရေအားလျှပ်စစ်စီမံကိန်း အသစ်များ လုပ်ဆောင်ခြင်း၊ ပျက်စီးနေတဲ့ ဓာတ်အားပေးစနစ်များ ပြန်လည်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက် ရှိပါတယ်။ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုမမျှတပါက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဓာတ်အားစနစ်ပြတ်တောက်ခြင်း (System Breakdown) ဖြစ်ပေါ်နိုင်သဖြင့် ဝန်အားထိန်းညှိခြင်းကို အနည်းဆုံးပမာဏနဲ့ မလွှဲမရှောင်သာ အခြေအနေ တွင် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ အဆိုပါအလှည့်ကျစနစ်နဲ့ ဓာတ်အားထိန်းညှိဖြန့်ဖြူးတဲ့အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ လ ၅ ရက်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားပါတယ်။