“လွိုင်ကော်လေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေ”
05 Oct
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လွိုင်ကော်လေဆိပ်တွင် VIP နားနေဆောင်၊ ယာဉ်ရပ်နားရန်နေရာနှင့် အခြေခံအဆောက်အအုံများ အပါအဝင် လေဆိပ်အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော် နှင့် အစိုးရအဖွဲ့ဝင်များက အောက်တိုဘာလ ၃ ရက်မှာ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေနဲ့ အလျား ၆၈ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၅ ပေရှိ RC တစ်ထပ် VIP နားနေဆောင် တည်ဆောက်ခြင်းအပြင် ရေစင်၊ ရေစုကန်၊ မိလ္လာကန်၊ ယာဉ်ရပ်နားရန်နေရာ၊ အတွင်းအုတ်ခြံစည်းရိုးနှင့် ကွန်ကရစ်လမ်း တည်ဆောက်ခြင်း၊ မြေယာအလှပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ စစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ အဲဒီနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေနဲ့ တည်ဆောက် နေတဲ့ သီရိမင်္ဂလာဈေးသစ်(တတိယပိုင်း)ရှိ Steel Structure တစ်ထပ်ဈေးရုံ ၁၄ ရုံနှင့် နှစ်ထပ်ဈေးရုံ ၄ ရုံ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဆိုပါလုပ်ငန်းများမှာ အရည်အသွေးစစ်ဆေးမှု စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် မီးဘေးလုံခြုံရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ (NVS 008)