“မလေးရှားမှ ပြန်လည်ရောက်ရှိလာတဲ့ နေရပ်ပြန်များကို မိသားစုများထံ စနစ်တကျလွှဲပြောင်း”
05 Oct
မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာများအနက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ နေရပ်ပြန်ပြည်သူ ၁၀၂ ဦး ကို အောက်တိုဘာလ ၄ ရက်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများက သက်ဆိုင်ရာခရိုင်၊ မြို့နယ်တာဝန်ရှိ သူများ နှင့် မိသားစုဝင်များထံ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ မလေးရှားနိုင်ငံမှာ အခက်အခဲမျိုးစုံရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံသားများ တပ်မတော်စစ်ရေယာဉ်နဲ့ အမိ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းမှ နေရပ်ပြန်ပြည်သူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နဲ့ တာဝန်ရှိသူများနှင့်ဌာနဆိုင်ရာများက မော်တော်ယာဉ်များနဲ့ သွားရောက် ခေါ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင်နေရပ်ပြန်ပြည်သူများအနက် ပဲခူးတိုင်းဒေသကြီးရှိ ခရိုင် ၆ ခုမှ အမျိုးသား ၉၂ ဦးနှင့် အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၁၀၂ ဦး ပါဝင်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းသို့ မွန်းလွဲပိုင်းမှာ ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများမှတစ်ဆင့် နေရပ်ပြန်ပြည်သူများကို မိသားစုဝင်များထံ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရာ မိသားစုဝင်များက ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)