“ကျိုက္ခမီရေလယ်ဆံတော်ရှင်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်”
05 Oct
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ရှိ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၈ ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်အထိ အစဉ်အလာမပျက်စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရပါတယ်။ ပွဲတော်အကြို မဟာပဋ္ဌာန်းကျမ်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ ၂၀ ရက်မှ ၂၄ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့ နံနက် ၃ နာရီမှစ၍ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက် သူများပါဝင်တဲ့ ဆွမ်းအိုးမျောပွဲကိုလည်း ကျင်းပမှာဖြစ်ပါတယ်။ ဒါ့အပြင် သီတင်းကျွတ်လပြည့်နေ့နံနက် ၈ နာရီမှာ ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်ခန်းမမှာ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ ၅ ရက်အထိ ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သီရိဇေယျာဇာတ်ရုံ နှင့် မြို့လယ်ကျောက်တိုင်တို့မှာ မော်လမြိုင်ဇာတ်သဘင်ပွဲများအပါအဝင်ဇာတ်သဘင်ပွဲ ၄ ပွဲကို ထည့်သွင်းကျင်းပ မည်ဖြစ်ကြောင်းအသိပေးဖော်ပြထားပါတယ်။ အဆိုပါပွဲတော်ကာလအတွင်း ပွဲဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချမည် ဖြစ်ရာ ဈေးဆိုင်ခန်းနေရာများကို အောက်တိုဘာလ ၁၈ ရက်နံနက် ၉ နာရီမှာ လေလံစနစ်နဲ့ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးကော်မတီကနေ သိရပါတယ်။ (NVS-008)