“ကျောနံပါတ်(၇)ကို ရာဖေးလီယို ထံလွှဲပြောင်းခဲ့ပြီးနောက် စီရော်နယ်ဒို ရဲ့ ပေါ်တူဂီအသင်းကစားသမားဘဝ အဆုံးသတ်ရန်နီးစပ်”
04 Oct
ပေါ်တူဂီအသင်းနည်းပြ ဂျီးဆပ်နှင့် စီရော်နယ်ဒိုတို့ကြား ဆက်ဆံရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် နည်းပြ ဂျီးဆပ် က ကျောနံပါတ်(၇)ကို ရာဖေးလီယို ထံ လွှဲပြောင်းပေးခဲ့ပြီးနောက် စီရော်နယ်ဒို ရဲ့ ပေါ်တူဂီအသင်း ကစားသမားဘဝ အဆုံးသတ်ရန် ပိုမိုနီးစပ်လာခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ လက်ရှိ ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲကစားနေသည့် ပေါ်တူဂီအသင်း ကစားသမားစာရင်းတွင် နည်းပြ ဂျီးဆပ် က စီရော်နယ်ဒို ကို ရွေးချယ်ခဲ့သော်လည်း ပြိုင်ပွဲမစတင်မီကတည်းက နည်းပြ ဂျီးဆပ် က စီရော်နယ်ဒို အတွက် ပွဲကစားခွင့်အာမခံချက် ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးတင်းမာမှုများ ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ စီရော်နယ်ဒို က စက်တင်ဘာ ၃ဝ ရက်မှာ နည်းပြ ဂျီးဆပ်နှင့် သီးသန့်တွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ပြီးနောက် အသင်းလေ့ကျင့်ရေးအစီအစဉ်မှ နုတ်ထွက်ခဲ့သလို ပေါ်တူဂီနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ အကြောင်းမကြားဘဲ အသင်း ကစားသမားစာရင်းမှ နုတ်ထွက်ခဲ့ကာ စပိန်နိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။ ထို့နောက် နည်းပြ ဂျီးဆပ် က ဒိန်းမတ်နှင့် ပေါ်တူဂီအသင်းတို့ပွဲစဉ်တွင် စီရော်နယ်ဒို ကာလရှည်ဝတ်ဆင် လာခဲ့သည့် ကျောနံပါတ်(၇)ကို တောင်ပံကစားသမား ရာဖေးလီယို ထံ လွှဲပြောင်းခဲ့ကာ အသင်းခေါင်းဆောင်ရာထူး ကိုလည်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ် ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ လက်ရှိတွင် စီရော်နယ်ဒို က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ပေါ်တူဂီအသင်းကစားသမားဘဝ အနားယူရန် ဆုံးဖြတ် လာဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)