“ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှုများ နိုင်ငံတော်သမ္မတ လိုက်လံကြည့်ရှုစစ်ဆေး”
04 Oct
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အောက်တိုဘာလ ၃ ရက် နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ နှင့် ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များက နေပြည်တော်ပြည်သူ့ရင်ပြင်သို့ရောက်ရှိပြီး ရှင်းလင်းဆောင်၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဆောက်လုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့် တို့က နေပြည်တော်ပြည်သူ့ရင်ပြင်အား မြို့တော်အင်္ဂါရပ်နှင့်အညီခေတ်မီပြီး မြို့ပြနေ အများ ပြည်သူများ လည်ပတ်ကြည့်ရှု အပန်းဖြေအနားယူနိုင်ရန်နှင့် ဘက်စုံအသုံးပြုနိုင်သည့် Public Area ပြည်သူ့ရင်ပြင် တစ်ခုအဖြစ် လျာထားတည်ဆောက်နေမှု၊ ရင်ပြင်ပတ်လည်နေရာများ၌ အထင်ကရပုဂ္ဂိုလ်များ၏ ရုပ်တုများ၊ စကျင် ကျောက်များဖြင့် ထုဆစ်ပုံဖော်ထားသည့် ရုပ်လုံးရုပ်ကြွများ ထည့်သွင်းတည်ဆောက်နိုင်ရေး၊ ပြည်သူများအပန်းဖြေ လည်ပတ်ကြည့်ရှုအနားယူနိုင်ရန် ပန်းခြံနေရာများ၊ လျှောက်လမ်းများ၊ ဖျော်ဖြေရေးရင်ပြင်နှင့် Shop House များ၊ အခြားလိုအပ်သည့် အဆောက်အဦများ ထည့်သွင်းတည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်ထားရှိမှု၊ ပြည်သူ့ရင်ပြင် အနီး၌ မြို့ပြအင်္ဂါရပ်နှင့်လျော်ညီသည့် နာရီစင်ပါအဆောက်အဦတစ်ခု တည်ဆောက်နိုင်ရေး လျာထားဆောင်ရွက် လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက နေပြည်တော်ကောင်စီနယ်မြေအား မြို့တော်အင်္ဂါရပ် နှင့်အညီ ခေတ်မီပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော မြို့ပြတစ်ခုအဖြစ် ပေါ်ထွန်းလာစေရေး ဘက်ပေါင်းစုံမှ စဉ်းစား လျာထားဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်နှင့်အညီ အဆင့်မီမီဖြစ်စေရေး၊ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးနိုင်ရေး စနစ်တကျဆောင်ရွက်ရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေး ထိန်းသိမ်းပြုပြင် ဆောင်ရွက်မှုများကိုလည်း အမြဲမပြတ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါတယ်။ ထို့နောက် နေပြည်တော်ပြည်သူ့ရင်ပြင်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေ အနေများ၊ ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ မီးရထားလမ်းခုံးကျော်တံတားနှင့် နေပြည်တော်လေဆိပ်အဝင် လမ်းသစ် ဖောက်လုပ်နေမှု၊ နေပြည်တော်မြို့အဝင်မုခ်ဦး(Naypyitaw Gate)တည်ဆောက်နေမှုလုပ်ငန်းခွင်နှင့် ပြည်ထောင်စု ဂုဏ်ပြုဗိမာန် တည်ဆောက်ဆောက်ရေးလုပ်ငန်းခွင်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 008)