“တရုတ်အပါအဝင် SCO အဖွဲ့ဝင်နိုင်ငံများမှတပ်ဖွဲ့ဝင်များ ရုရှား၏ Tsentr-2026 စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်”
04 Octတရုတ်နိုင်ငံအပါအဝင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံတွင် စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၃ ရက်အထိပြုလုပ်သည့် Tsentr-2026 မဟာ ဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှု၌ ပါဝင်ခဲ့ကြောင်းသိရသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် စစ်သည်အင်အား ၄၇,၀၀၀ ကျော်ပါဝင်ခဲ့ကြောင်း သိရသည်။ Tsentr-2026 စစ်ရေးလေ့ကျင့်မှုတွင် မောင်းသူမဲ့လေယာဉ်များကို တန်ပြန်တိုက်ခိုက်နိုင်သည့် စနစ်များနှင့် မြေပြင်သုံးစက်ရုပ်စနစ် အသစ်များကို ထည့်သွင်းအသုံးပြုပြီး ရုရှားက ယူကရိန်းပဋိပက္ခအတွင်း ရရှိထားသည့် စစ်မြေပြင်အတွေ့အကြုံများကို လေ့ကျင့်မှုတွင် အသုံးချခဲ့ကြောင်း ရုရှားဘက်က ထုတ်ပြန်ထားသည်။ အထူးသဖြင့် စစ်ရေးလေ့ကျင့်မှု အဓိကအပိုင်းတွင် Zarya အမည်ရှိ လေဆာလက်နက်စနစ်ကိုလည်း ထုတ်ဖော်ပြသ အသုံးပြုခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဗဟိုအာရှဒေသပြင်ပမှ ရန်လိုမှုများကိုတုံ့ပြန်ရန်နှင့် ကက်စပီယံဒေသ၏ စစ်ရေးလုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်ပြီး အဆိုပါစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ဖော်ပြ ထားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင် ကလည်း အောက်တိုဘာလ ၂ ရက်တွင် ချီဘာကူစကီ လေ့ကျင့်ရေးကွင်းသို့ သွားရောက်၍ စစ်ရေးလေ့ကျင့်မှု၏ အဓိကအပိုင်းကို ကြည့်ရှုခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ လေ့ကျင့်မှု တွင် တရုတ်၊ ဘယ်လာရုစ်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယား၊ ပါကစ္စတန်နှင့် တာဂျစ်ကစ္စတန်တို့မှ တပ်ဖွဲ့များပါဝင်သည်။ ယခုကဲ့သို့ တရုတ်တပ်ဖွဲ့များ၏ ပါဝင်မှုသည် တရုတ်နှင့် ရုရှားတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဆက်လက် တိုးမြှင့်လာနေမှုကို ဖော်ပြနေခြင်းဖြစ်ကြောင်းသိရသည်။