“မဟာဗျူဟာ အရန်လောင်စာဆီများမှ ဒီဇယ်ဆီနှင့် ရေနံစိမ်းစည်ပေါင်း သန်း ၁၀၀ ထုတ်ယူရန် G7 အုပ်စု သဘောတူ”

04 Oct

လာမည့် လေးလတာကာလအတွင်း ၎င်းတို့၏မဟာဗျူဟာ အရန်လောင်စာဆီများထံမှ ဒီဇယ်ဆီနှင့် ရေနံစိမ်း စည်ပေါင်း သန်း ၁၀၀ ထုတ်ယူသုံးစွဲရန် G7 အုပ်စုဝင်နိုင်ငံများက အောက်တိုဘာလ ၂ ရက်တွင် သဘောတူခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ ဒီဇယ်ဆီပြည်ပတင်ပို့မှုကို ပိတ်ပင်မည်ဖြစ်ကြောင်း သတိပေးခြင်းဖြင့် အမေရိကန်နိုင်ငံက မဟာဗျူဟာ အရန်လောင်စာဆီများ ထုတ်ယူဖြန့်ဖြူးရန် ဥရောပကို ဖိအားပေးလာခဲ့ပြီးနောက် G7 အုပ်စုဝင်နိုင်ငံများက မဟာ ဗျူဟာ အရန်လောင်စာဆီများ ထုတ်ယူဖြန့်ဖြူးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ လာမည့် လေးလတာကာလအတွင်း မဟာဗျူဟာလောင်စာဆီများမှ ဒီဇယ်ဆီနှင့် ရေနံစိမ်းစည်ပေါင်း သန်း ၁၀၀ ကို နိုင်ငံတကာစွမ်းအင်အေဂျင်စီ(အိုင်အီးအေ)ကို ကြားခံထား၍ ထုတ်ယူဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း G7 အုပ်စု ဝင်နိုင်ငံများက အောက်တိုဘာလ ၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။ ထို့ပြင် စွမ်းအင်ပြည်ပတင်ပို့မှု ကန့်သတ်ချက်များကို ရှောင်ရှားရန်လည်း အောက်တိုဘာလ ၂ ရက် အစည်း အဝေးတွင် G7 အုပ်စုခေါင်းဆောင်များက သဘောတူခဲ့ကြသည်။ G7 အုပ်စု၏ အောက်တိုဘာလ ၂ ရက် ကြေညာချက် ပေါ်ထွက်လာပြီးနောက် အမေရိကန်နိုင်ငံသည် ပြည်ပသို့ ဒီဇယ်ဆီတင်ပို့မှုများပိတ်ပင်ရန် စဉ်းစားမည်မဟုတ် ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားထားသည်။ G7 အုပ်စုကို ဗြိတိန်၊ ဂျပန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ အမေရိကန်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

04 Oct

ADVERTISE HERE .