“ဖူလ်ဟမ်နည်းပြ အာဘီလိုအာ ကို စွဲချက်တင်လိုက်တဲ့ FA”

03 Oct

မန်ယူအသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ပြောကြားခဲ့တဲ့ မှတ်ချက်စကားအတွက် ဖူလ်ဟမ် အသင်းနည်းပြ အာဘီလိုအာ ကို FA က စက်တင်ဘာလ ၃၀ ရက်မှာ စွဲချက်တင်လိုက်ပါတယ်။ စက်တင်ဘာလ ၂၀ ရက်က ကစားခဲ့တဲ့ပွဲမှာ ဖူလ်ဟမ်အသင်းက မန်ယူအသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၈၉ မိနစ်မှာ ချေပဂိုးပြန်ပေးလိုက်ရပြီး သရေတစ်မှတ်သာ ရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပွဲတာဝန်ရှိသူတွေအနေနဲ့ မန်ယူအသင်းရှုံးနိမ့်မှာကို ခွင့်မပြုချင်ကြဘူးဆိုပြီး ဖူလ်ဟမ်နည်းပြ အာဘီလိုအာ က ပွဲအပြီးမှာ ဝေဖန်ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကို တာဝန်ယူခဲ့တဲ့ ဒိုင်လူကြီးအနေနဲ့လည်း ပြစ်ဒဏ်ဘောဆုံးဖြတ်ချက်တွေမှာ မန်ယူအသင်းကို အလေးသာစေတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တယ်လို့လည်း အာဘီလိုအာ က ပြောကြားခဲ့တာဖြစ်ပါတယ်။ FA ကတော့ နည်းပြ အာဘီလိုအာ ရဲ့ပြောကြားမှုက ပွဲတာဝန်ရှိသူတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသလို မလျော်ကန်တဲ့ အပြောအဆိုဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီး အခုလိုမျိုး စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းကို ပြီးခဲ့တဲ့နွေရာသီကမှ စတင်တာဝန်ယူခဲ့တဲ့ နည်းပြ အာဘီလိုအာ အနေနဲ့ အက်ဖ်အေရဲ့ စွဲချက်ကို ကြာသပတေးည နောက်ဆုံးထားပြီး ဖြေရှင်းချက်ပေးပို့သွားရမှာ ဖြစ်ပါတယ်။(NVS 008)

03 Oct

ADVERTISE HERE .