“ထားဝယ်မြို့ပေါ်ရပ်ကွက်များရှိ ရေဘေးသင့် ပြည်သူများကို ရွေ့လျားရေသန့်စက်ဖြင့် သောက်သုံးရေ ဖြန့်ဝေပေး”

03 Oct

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာစံချိန်တင်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ရေပြန်လည်ကျဆင်းနေပြီဖြစ်သည့် ထားဝယ်မြို့ပေါ်ရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူများကို ရွေ့လျားရေသန့် စက်ဖြင့် သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရပါတယ်။ အဆိုပါ ရေသန့်ဖြန့်ဝေမှုကို ထားဝယ်မြို့ပေါ်ရှိ ကြက်စားပြင်ရပ်ကွက် မီးသုံးလုံးလမ်းဆုံတွင် အိမ်ထောင်စု ၅၀ ခန့်အတွက် သောက်ရေသန့်ဂါလန် ၃၀၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှေ့တွင် အိမ်ထောင်စု ၄၀ အတွက် သောက်ရေသန့် ၁၇၅ ဂါလန်၊ ဘုမ္မော်ရပ်ကွက်ရှိအိမ်ထောင်စု ၁၅ဝ နှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သောက်ရေသန့်ဂါလန် ၇၅၀ ကို ဖြန့်ဝေပေးခဲ့ပါတယ်။ ရေဘေးသင့်ရပ်ကွက်များအတွင်း ရွေ့လျားရေသန့်စင်စက်ဖြင့် သောက်ရေသန့်ဖြန့်ဝေပေးနေမှု၊ ကူညီ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော လျှပ်စစ်မီးတိုင်နှင့် လျှပ်စစ်မီးကြိုးပြတ်တောက်မှုများကို ပူးပေါင်းအဖွဲ့များက လျှပ်စစ်မီးအချိန်မီရရှိအောင် ပြင်ဆင်ခြင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက အဖွဲ့များဖွဲ့ပြီး ကူးစက်ရောဂါများ ဖြစ်ပွား၊ ကူးစက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေတွင်းရေကန်များတွင် ကလိုရင်း ဆေးခတ်ခြင်း၊ ရေသန့်စင်ဆေးပြားများဖြန့်ဝေခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးအသိပညာပေး ဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)

03 Oct

ADVERTISE HERE .