“ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး မိုဒီ ၏အကြံပြုချက်များကို ပူတင် ချီးကျူး”
03 Oct
ရုရှားသမ္မတ ဗလာဒီမာပူတင် က ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးအတွက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တွင် နှစ်ဖက်လက်ခံနိုင်သည့် ဖြေရှင်းချက်ရရှိရေး အလွန်ကောင်းမွန်သော အကြံဉာဏ်များ ရှိကြောင်းနှင့် မိုဒီ ၏ကြိုးပမ်းမှုများနှင့်ပတ်သက်၍ ချီးကျူးကြောင်းပြောသည်။ ပူတင် သည် မော်စကိုမြို့၌ကျင်းပသည့် Valdai International Discussion Club အစည်းအဝေးတွင် ထိုမှတ်ချက်ကို ပြောခြင်းဖြစ်သည်။ ထို့ပြင် ရုရှားနှင့် အိန္ဒိယတို့ကြားတွင် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ရှိသော်လည်း မိုဒီ သည် နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံတိုင်း ယူကရိန်းပဋိပက္ခ အဆုံးသတ်နိုင်ရေးကိစ္စကို အစဉ်တစိုက် ထည့်သွင်းဆွေးနွေးလေ့ရှိကြောင်း ပူတင် က ပြောသည်။ အလားတူ မိုဒီ သည် ပဋိပက္ခကို အဆုံးသတ်ရေးနှင့် နှစ်ဖက်လက်ခံနိုင်မည့် ဖြေရှင်းချက်များရှာဖွေရေးအပေါ် အထူးစိတ်ဝင်စားမှုရှိနေကြောင်း၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၏ ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်လိုသည့်ဆန္ဒအတွက် ကျေးဇူးတင်ကြောင်း ပူတင် ကဆက်ပြောသည်။ အိန္ဒိယဘက်ကလည်း ရုရှားနှင့်ယူကရိန်းတို့ကြား ပဋိပက္ခကို ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး နည်းလမ်း များဖြင့်ဖြေရှင်းရန် တိုက်တွန်းထားသည်။ မိုဒီ က အိန္ဒိယအနေဖြင့် ရုရှား၊ ယူကရိန်းတို့နှင့် ဆက်ဆံရေး ကောင်းမွန်မှုကို အသုံးချပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် အဓိပ္ပာယ်ရှိသောကြိုးပမ်းမှုများကို ထောက်ခံပေးရန်အသင့်ရှိကြောင်း ပြောထားသည်။ ပူတင်နှင့် မိုဒီ တို့သည် ပြီးခဲ့သည့်စက်တင်ဘာလက နယူးဒေလီမြို့၌ကျင်းပသည့် BRICS ထိပ်သီး အစည်းအဝေးပြင်ပတွင် တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဆွေးနွေးခဲ့ကြောင်းသိရသည်။