“ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ နယူးဧရာ-၁၁ စပါးမျိုး စိုက်ပျိုးမှု စိတ်ဝင်စားမှုမြင့်တက်”
02 Oct
ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသရှိ မအူပင်၊ ကျိုက်လတ်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် ဖျာပုံမြို့နယ်တို့မှာ ရေကျနောက်စိုက်နှင့် နွေစပါးအဖြစ် စိုက်ပျိုးနိုင်သည့် နယူးဧရာ-၁၁ အထွက်တိုးစပါးမျိုးကို တောင်သူများ စိတ်ဝင်စားစိုက်ပျိုးမှု များပြားလာကြောင်း ဒေသခံတောင်သူများထံမှ သိရပါတယ်။ အဆိုပါဒေသများမှာ နယူးဧရာ-၁၁ စပါးမျိုးကို နှစ်စဉ် ဧက ၃၅,၀၀၀ မှ ၄၀,၀၀၀ ဝန်းကျင်အထိ စိုက်ပျိုးလေ့ ရှိပြီး အပင်ဖြစ်ထွန်းမှု၊ အပင်သန်မာမှု၊ ရောဂါဒဏ်ခံနိုင်မှုနှင့် အထွက်နှုန်းတို့ကြောင့် စိုက်ပျိုးမှုများရှိနေခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒေသခံတောင်သူများ၏ အတွေ့အကြုံအရ နယူးဧရာ-၁၁ စပါးမျိုးမှာ တစ်ဧကလျှင် တင်း ၁၈၀ မှ ၂၂၀ ကျော် အထိ ထွက်ရှိကြောင်း သိရပြီး ဆန်ရည်ဆန်သား၊ ဆန်ထွက်နှုန်းနှင့် စပါးအရည်အသွေးပိုင်းတို့ကြောင့် ဆန်စက်များ၏ ဝယ်ယူမှုလည်းရှိကြောင်း သိရပါတယ်။ လက်ရှိဈေးကွက်မှာ စပါးတင်း ၁၀၀ လျှင် ကျပ် ၂၅ သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရပြီး ယင်းဈေးနှုန်းအရ တစ်ဧက တင်း ၂၀၀ ထွက်ရှိပါက စုစုပေါင်းရောင်းရငွေ ကျပ်သိန်း ၅၀ ဝန်းကျင် ရရှိနိုင်မှာ ဖြစ်ပါတယ်။ သို့သော် ယင်းပမာဏမှာ စုစုပေါင်းရောင်းရငွေဖြစ်ပြီး မျိုးစေ့၊ မြေပြင်ခြင်း၊ သွင်းအားစု၊ လုပ်သားခနှင့် ရိတ်သိမ်းစရိတ်အပါအဝင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်များကို နုတ်ယူထားခြင်းမရှိသေးတဲ့ ပမာဏတစ်ခု ဖြစ်ပါတယ်။ (NVS 008)