“မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး MoU နှစ်ခု လက်မှတ်ရေးထိုး”
02 Oct
မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(CECCM)၏ အမှုဆောင်အဖွဲ့သစ်တင်မြှောက်ခြင်း နှင့် မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အခမ်းအနားကို စက်တင်ဘာလ ၂၉ ရက်က ရန်ကုန်မြို့ရှိ Ru Yi Restaurant မှာကျင်းပခဲ့ပြီး စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(MoU)နှစ်ခုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားမှာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် CECCM တို့အကြား မြန်မာ-တရုတ် နှစ်နိုင်ငံ၏ စီးပွားရေးဝန်းကျင်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်း အချက်အလက်များဖလှယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် MoU တစ်ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဆိုပါ MoU အရ မြန်မာနိုင်ငံတွင် ကျင်းပသည့် စီးပွားရေးဆိုင်ရာ ညီလာခံများ၊ ဖိုရမ်များ၊ ဆွေးနွေးပွဲများနှင့် ကုန်စည်ပြပွဲများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား စီးပွားရေး ဆက်ဆံမှု ပိုမိုတိုးမြှင့်နိုင်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် CECCM နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ဆောင်မှုစင်တာ (Myanmar Investment Services Centre – MISC) တို့အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး MoU တစ်ခု လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)