“မြေဩဇာများ သတ်မှတ်ဈေးအတိုင်း တောင်သူများထံ အချိန်မီရရှိရေး Consortium ပုံစံဖြင့် ဖြန့်ဖြူး”
02 Oct
တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်တဲ့ မြေဩဇာများကို သတ်မှတ်ရောင်းဈေးနဲ့ အချိန်မီတိုက်ရိုက်ရရှိနိုင်ရေးအတွက် Consortium ပုံစံဖြင့် အမြတ်မယူဘဲ စုပေါင်းဝယ်ယူဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရပါတယ်။ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း က စက်တင်ဘာလ ၃၀ ရက်မှာ ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပတဲ့ ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တက်ရောက်အမှာစကား ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဦးဆောင်ကော်မတီအနေနဲ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ ယူရီးယားမြေဩဇာတန်ချိန် ၁၄၂,၀၀၀ နှင့် ကွန်ပေါင်းအပါအဝင် အခြားမြေဩဇာ တန်ချိန် ၅၇၀,၅၈၄ တို့ကို တင်သွင်းဖြန့်ဖြူးနိုင်ရန် ထောက်ခံပေးထားပြီး ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေတဲ့ မြေဩဇာများ၏ အရည်အသွေးနှင့် အလေးချိန်မှန်ကန်မှုရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းနှင့် သိုလှောင်ထား၍ ဈေးကစားခြင်း များ မရှိစေရေးအတွက် မြို့နယ်အလိုက်အရောင်းဆိုင်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ သက်ဆိုင်ရာ ဌာနများက အနီးကပ်စစ်ဆေးကြပ်မတ်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါတယ်။ (NVS 008)