“ရုရှားနယ်စပ်အနီး နျူကလီးယားလက်နက်ချထားရန်ကြိုးပမ်းမှု လုံခြုံရေးတိုးတက်စေမည်မဟုတ်ဘဲ တင်းမာမှုသာ ဖြစ်စေမည်”

02 Oct

ရုရှားနိုင်ငံ၏နယ်စပ်အနီးတွင် နျူကလီးယားလက်နက်များကို ချထားခြင်းဖြင့် မိမိတို့၏လုံခြုံရေးကို ပိုမို ခိုင်မာစေနိုင်မည်ဟု ယူဆနေခြင်းမှာ မှားယွင်းသည့်အယူအဆဖြစ်ပြီး ယင်းလုပ်ရပ်သည် လုံခြုံရေး တိုးတက်စေ မည့်အစား တင်းမာမှုများကို ပိုမိုမြင့်တက်စေနိုင်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ က အောက်တိုဘာလ ၁ ရက်တွင်ပြောသည်။ ရုရှားနိုင်ငံ၏နယ်စပ်အနီး နျူကလီးယားလက်နက်များကို ဖြန့်ကြက် ထားရှိခြင်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် ပက်စကော့က ယင်းကဲ့သို့လုပ်ဆောင်ခြင်းသည် လုံခြုံရေးကို ရရှိစေ မည့် နည်းလမ်းမဟုတ်ကြောင်း ပြောခြင်းဖြစ်သည်။ ထို့ပြင် နျူကလီးယားလက်နက်များကို တစ်ဖက်နှင့်တစ်ဖက် နီးကပ်စွာ ဖြန့်ကြက်ထားခြင်းသည် အပြန် အလှန်အန္တရာယ်နှင့် မတော်တဆ ထိပ်တိုက်တွေ့ဆုံမှုဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေနိုင်ကြောင်း ပက်စကော့က ဆက်ပြောသည်။ ရုရှားနိုင်ငံနှင့်အနောက်နိုင်ငံများကြား လုံခြုံရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် အဆိုပါ ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ အထူးသဖြင့် NATO တပ်ဖွဲ့၏ အရှေ့ဘက်စစ်နယ်ဝန်းကို တိုးချဲ့မှုနှင့် ဥရောပတွင် တာဝေးပစ်လက်နက်များ ဖြန့်ကြက်ထားရေးကိစ္စများကို ရုရှားနိုင်ငံ၏လုံခြုံရေးအတွက် စိုးရိမ်စရာ တစ်ခုအဖြစ် ရုရှားအစိုးရက ရှုမြင်ထားသည်။ တစ်ဖက်တွင်လည်း ရုရှားနိုင်ငံသည် နျူကလီးယားစွမ်းရည်များကို ခေတ်မီအောင်ပြင်ဆင်နေပြီး ကာလီနင်ဂရက်အပါအဝင် အနောက်ဘက်ဒေသများရှိ နျူကလီးယားဆိုင်ရာ အခြေခံအဆောက်အဦများကို အဆင့်မြှင့်တင်လျက်ရှိကြောင်း ဂြိုဟ်တုဓာတ်ပုံများအပေါ်အခြေခံ၍ အနောက် အုပ်စုများက ထုတ်ပြန်ထားသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

02 Oct

ADVERTISE HERE .