“ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မန်စီးတီးအသင်းအနေနဲ့ စွဲချက်အားလုံးမှာ အပြစ်ရှိကြောင်း ထုတ်ပြန်”
01 Oct
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မန်စီးတီးအသင်းအနေနဲ့ စွဲချက်အားလုံးမှာ အပြစ်ရှိကြောင်း အတည်ပြုထုတ်ပြန် ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၀၉-၁၀ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်း ပရီးမီးယားလိဂ်က ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်မှု ၁၁၅ ခုရှိခဲ့ကြောင်း စွဲချက်တင်ခံခဲ့ရပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုအရ စွဲချက်အားလုံး ကျူးလွန်ခဲ့သည်ကို တွေ့ရှိရကြောင်း သိရပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တွေ့ရှိချက်အရ ၂၀၀၉-၁၀ ရာသီ ကနေ ၂၀၁၇-၁၈ ရာသီအထိ ၉ ရာသီကာလအတွင်းမှာ မန်စီးတီးအသင်းဟာ စီးပွားရေးမိတ်ဖက်တွေနဲ့ အမှန်တကယ် သဘောတူညီမှုရရှိထားတဲ့ အချက်အလက်တွေအစား မှားယွင်းဖော်ပြထားတဲ့ အတုအယောင်စာချုပ်တွေ ပြုလုပ်ခဲ့ပြီး ဝင်ငွေတွေ မြှင့်တင်၊ ကုန်ကျစရိတ်တွေကို လျှော့ပြဖို့ ရည်ရွယ်ခဲ့ကြောင်း၊ ဘဏ္ဍာရေးအခြေအနေအမှန်ကို စာရင်းစစ် တွေနဲ့ ဘောလုံးအဖွဲ့အစည်းတွေ မသိရှိစေဖို့ ဘဏ္ဍာရေးစာရင်းတွေ မှားယွင်းဖော်ပြခဲ့ကြောင်း၊ ပရီးမီးယားလိဂ်နဲ့ UEFA က ချမှတ်ထားတဲ့ အသုံးစရိတ်ကန့်သတ်ချက်စည်းမျဉ်းနှစ်ခုစလုံးကို သိသာထင်ရှားစွာ ချိုးဖောက်ခဲ့ကြောင်း၊ ပရီးမီးယားလိဂ်က စုံစမ်းစစ်ဆေးမှု ပြုလုပ်တဲ့ ကာလအတွင်း ပူးပေါင်းဆောင်ရွက်ရမယ့်တာဝန်နဲ့ ရိုးသားမှန်ကန်စွာ ဆောင်ရွက်ရမယ့်တာဝန်တွေကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ မန်စီးတီးအသင်းအနေနဲ့ အတုအယောင်စာချုပ်တွေနဲ့ ဝင်ငွေတွေမြှင့်တင်ပြီး ကုန်ကျစရိတ်တွေကို လျှော့ချ ခဲ့ခြင်းရဲ့ စုစုပေါင်းငွေကြေးပမာဏက ပေါင်သန်း ၉၀၀ ကျော်ရှိခဲ့ပါတယ်။ မန်စီးတီးအသင်း အနေနဲ့ အောက်တိုဘာလ ၂ ရက်နောက်ဆုံးထားပြီး အယူခံဝင်ခွင့်ရှိမယ်လို့လည်း သိရပါတယ်။ (NVS 008)