“ငွေဆောင်မှာ ၂၅၀ မဂ္ဂါဝပ် ဆိုလာစီမံကိန်းဖော်ဆောင်ရန် စီစဉ်နေ”

01 Oct

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့မှာ လျှပ်စစ်ဓာတ်အား ၂၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို တရုတ်ကုမ္ပဏီ GCL Green Energy Technology Limited နှင့် မြန်မာနိုင်ငံသားကုမ္ပဏီ Galaxy Red Star တို့ပူးပေါင်းအကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ အဆိုပါစီမံကိန်းနှင့် နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များကို ကုမ္ပဏီနှစ်ခုမှ တာဝန်ရှိသူများက စက်တင်ဘာလ ၂၈ ရက်မှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်ထံ ရှင်းလင်းတင်ပြ ခဲ့ကြခြင်းဖြစ်ပါတယ်။ အခုစီမံကိန်းကို ငွေဆောင်မြို့ရှိ မြေလွတ်၊ မြေရိုင်း ဧက ၁,၀၀၀ ပေါ်မှာ တည်ဆောက်ရန် စီစဉ်ထားပြီး နည်းပညာပိုင်းဆိုင်ရာ လေ့လာမှုနှင့် စီမံကိန်းဒီဇိုင်းရေးဆွဲခြင်းအဆင့်မှစ၍ လုပ်ငန်းစဉ်များကို အဆင့်လိုက် အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ စီမံကိန်းမှ ထုတ်လုပ်ရရှိမည့် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်၍ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ကုမ္ပဏီများအနေနဲ့ စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြီးမြောက်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ (NVS 008)

01 Oct

ADVERTISE HERE .