“ပြည်သူလူထုကိုယ်စားပြု နိုင်ငံရေးပါတီများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်သူများအဖြစ် သတ်မှတ်ဆွေးနွေးမည်”

01 Oct

ပြည်သူလူထုကိုယ်စားပြု နိုင်ငံရေးပါတီများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆွေးနွေးဖက်အဖြစ်မဟုတ်ဘဲ အတူတကွပူးပေါင်းဆောင်ရွက်သူများအဖြစ် သတ်မှတ်ကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က စက်တင်ဘာလ ၂၉ ရက်မှာ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ(NCA-S EAOs)ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ EAO များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် မတူညီသည့် ရည်မှန်းချက်နှင့် လိုလားချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့များနှင့် အစုအဖွဲ့အလိုက် သို့မဟုတ် တစ်ဖွဲ့ချင်းအလိုက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးက ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ NCA-S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်၊ RCSS အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းကလည်း NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည် ဆောင်ရွက်နိုင်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။ တွေ့ဆုံပွဲမှာ နှစ်ဖက်ကိုယ်စားလှယ်များက NCA အနှစ်သာရကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆွေးနွေးမည့်ပုံစံနှင့် အကြောင်းအရာများ၊ ယုံကြည်မှုတည်ဆောက်ရေးအစီအစဉ်များ ဖော်ဆောင်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများအတွက် အခြေခံမူများရရှိရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထပ်မံပါဝင်လာနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် EAO များ အခြေပြုရာဒေသများ၌ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ပြည်သူလူထုအခြေပြု ဆွေးနွေးပွဲများနှင့် ဖိုရမ်များ ကျင်းပနိုင်ရေး အပါအဝင် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)

01 Oct

ADVERTISE HERE .