“မြန်မာ- IUCN သဘာဝထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် ဆွေးနွေး”
01 Oct
မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature-IUCN)တို့အကြား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝသယံဇာတများ ရေရှည်ထိန်းသိမ်းရေး၊ သဘာဝထိန်းသိမ်းရေး နယ်မြေများနှင့် ဒီရေတောများ ထိန်းသိမ်းရေးအပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး က IUCN ၏ မဲခေါင်အောက်ပိုင်းဒေသခွဲဆိုင်ရာအကြီးအကဲ(Head, Lower Mekong Sub-Region) Mr. Jacob Sebastian Brunner ကို အောက်တိုဘာလ ၃၀ ရက်နံနက်ပိုင်းမှာ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဟာ ၂၀၁၇ ခုနှစ်မှာ IUCN ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများမှ အပြုသဘောဆောင်တဲ့ ရလဒ်များပေါ်ထွက်လာရေး အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံအဆင့် သဘာဝထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ နိုင်ငံအဆင့် ဒီရေတောဆိုင်ရာလုပ်ငန်းစီမံချက်၊ နိုင်ငံအဆင့်ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီမံအုပ်ချုပ်မှု အစီအစဉ်များ ရေးဆွဲဆောင်ရွက်နေမှုကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ နှစ်ဖက်အနေနဲ့ မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝသယံဇာတများ ရေရှည်ထိန်းသိမ်းရေး၊ သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ဖော်ဆောင်ထိန်းသိမ်းရေး၊ ဒီရေတောများ ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ဒုတိယ ဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)