“ပဲခူးမြို့ရှိ ချောင်းနှင့် မြောင်းများ ပိတ်ဆို့မှုမရှိစေရေး အရေးပေါ်ရှင်းလင်း”
01 Oct
အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း မိုးထစ်ချုန်း ရွာသွန်း နေသဖြင့် ရေကြီးရေလျှံမှုလျော့နည်းစေရေးအတွက် ပဲခူးမြို့ရှိ ချောင်းနှင့် မြောင်းများကို ပိတ်ဆို့မှုမရှိစေရန် အရေးပေါ်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၃၀ ရက်မွန်းလွဲပိုင်းမှာ အဆိုပါရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြောင်းပိတ်ဆို့မှု ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အခုလိုကွင်းဆင်းစစ်ဆေးရာမှာ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်ရှိ ပန်းဆိုးချောင်း၊ ပုဏ္ဏားစုရပ်ကွက်ရှိ ကျုံးရိုး ချောင်းတို့ကို ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းခြင်း၊ ကတွင်းခြံရိုးချောင်း ချဲ့ထွင်ခြင်းနှင့် ဥဿာ(၇)ရပ်ကွက် အတွင်း ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်နေမှုများကို စစ်ဆေးခဲ့ပါတယ်။ အဆိုပါလုပ်ငန်းများကို စက်ယန္တရားများအပြင် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်နေကြပြီး ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါတယ်။ (NVS 008)