လေယာဉ်ကို ပျက်ကျစေရန် ကြိုးပမ်းခဲ့တာကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရ
01 Oct
စက်တင်ဘာလ ၂၉ ရက်က ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့(Tel Aviv)သို့ ပျံသန်း လာတဲ့ Flydubai လေကြောင်းလိုင်းခရီးစဉ်(FZ 1073)မှာ လေယာဉ်ကိုပျက်ကျစေရန် ကြိုးပမ်းခဲ့တာကြောင့် ဆော်ဒီနိုင်ငံ Tabuk လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။ အဆိုပါပျံသန်းမှုအတွင်း လေယာဉ်မောင်းခန်းအတွင်းရှိ အိုမန်(Oman)နိုင်ငံသား ဒုတိယလေယာဉ်မှူးက အိန္ဒိယနိုင်ငံသား ပထမလေယာဉ်မှူး (Smit Machchhar)ကို ဓားနဲ့ ထိုးနှက်တိုက်ခိုက်ခဲ့ပြီး လေယာဉ်ကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ လုံးထွေးသတ်ပုတ်မှုဖြစ်ပွားစဉ် လေယာဉ်သည် အမြင့်ပေ ၃၃,၀၀၀ မှ ၁၇,၀၀၀ ခန့် အထိ အရှိန်ဟုန်ဖြင့် ရုတ်တရက်ထိုးဆင်းသွားခဲ့သဖြင့် ခရီးသည်များအကြား ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။ လေယာဉ်သည် အရေးပေါ်အချက်ပြကုဒ်များကို ချက်ချင်းပေးပို့ခဲ့ပြီးနောက် ဆော်ဒီအာရေးဗီးယားနိုင်ငံ မြောက်ပိုင်းရှိ Tabuk လေဆိပ်သို့ အရေးပေါ်အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာ ရရှိခဲ့သည့် အိန္ဒိယနိုင်ငံသား လေယာဉ်မှူးကို ဆော်ဒီဆေးရုံတွင် တက်ရောက် ကုသပေးလျက်ရှိပြီး လက်ရှိတွင် ကျန်းမာရေးအခြေအနေ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။ လေယာဉ်ပေါ်ပါ ခရီးသည် ၁၇၀ ကျော်လုံး ဘေးကင်းခဲ့ကြပြီး အစ္စရေးနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ အဓိက ကျူးလွန်သူ အိုမန်နိုင်ငံသားကို ဆော်ဒီအာဏာပိုင်များက ဖမ်းဆီးထားရှိပြီး ယင်းတိုက်ခိုက်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းနှင့် အကြမ်းဖက်မှု ဆက်နွှယ်မှု ရှိမရှိကို လုံခြုံရေးအဖွဲ့အစည်းများက ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် Flydubai လေကြောင်းလိုင်းက အစ္စရေးသို့ ပျံသန်းသည့် ခရီးစဉ်များအားလုံးကို စုံစမ်းစစ်ဆေးမှု မပြီးမီအထိ ယာယီဆိုင်းငံ့ထားကြောင်း သတင်းရရှိသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ခရီးသည်တွေရဲ့အသက်အား ကယ်တင်လိုက်သူကို တွေ့ဆုံခဲ့ပြီး သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ကြောင်း ရုပ်သံလွှင့်ထုတ်သွားပြသခဲ့ပါတယ်။