“ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဘေးကင်းလုံခြုံရေးစည်းမျဉ်းများကို ခိုင်မာအားကောင်းစေရန်အတွက် သဘော တူညီချက်တစ်ရပ် လက်မှတ်ရေးထိုး”

01 Oct

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဘေးကင်းလုံခြုံရေးစည်းမျဉ်းများကို ခိုင်မာအားကောင်းစေရန်အတွက် အမေရိကန်နည်းပညာလုပ်ငန်းကဏ္ဍမှ ထိပ်တန်းစွန့်ဦး တီထွင်သူခြောက်ဦးနှင့် သဘောတူညီချက်တစ်ရပ်ကို စက်တင်ဘာလ ၂၉ ရက်က လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါခေါင်းဆောင်များတွင် အန်ထရိုပစ်ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် ဒါရီယိုအာမိုဒီနှင့်မက်တာကုမ္ပဏီအမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာ ဘတ်ဂျ်တို့ ပါဝင်ကြောင်း သိရသည်။ ၎င်းတို့က ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဘေးကင်းလုံခြုံရေးဆိုင်ရာ သဘော တူညီချက်ကို လက်မှတ်ရေးထိုးရန် အိမ်ဖြူတော်သို့ သွားရောက်ခဲ့ကြသည်။ အဆိုပါသဘောတူညီချက်တွင် နည်းပညာကို ဘေးကင်းလုံခြုံစွာတီထွင်ဖန်တီးရင်း တစ်ချိန်တည်းမှာပင် သုံးစွဲသူများနှင့် ပြည်သူလူထု၏ ယုံကြည်မှု ကို တည်ဆောက်ရန် တာဝန်ရှိကြောင်း ဖော်ပြထားသည်။ ထို့ပြင် ကုမ္ပဏီတစ်ခုချင်းစီအနေဖြင့် “ထိန်းချုပ်မှုနှင့် စစ်ဆေးမှုအဆင့် (၄) ဆင့်” ကို ကျင့်သုံးဆောင်ရွက်သင့်ကြောင်းလည်း ပါဝင်သည်။ ပထမအဆင့်တွင် တီထွင်ဆဲ AI မော်ဒယ်များအနေဖြင့် နည်းပညာစနစ်များကို မရည်ရွယ်ထားသော နည်းလမ်းများဖြင့် ဖောက်ထွင်းဝင်ရောက်ခြင်း (hacking) မပြုလုပ်မိစေရန် ခိုင်မာသော အတွင်းပိုင်းထိန်းချုပ်မှုများ ပြုလုပ်ထားရှိခြင်းဖြစ်သည်။ ဒုတိယအဆင့်တွင် စနစ်များကို စောင့်ကြည့်စစ်ဆေးရန်နှင့် လိုအပ်ပါက ပြဿနာများကို ပြင်ဆင်ဖြေရှင်းရန် အတွင်းပိုင်းအဖွဲ့များထားရှိဆောင်ရွက်ခြင်း ဖြစ်သည်။ တတိယအဆင့်တွင် စောင့်ကြည့် စစ်ဆေး ခြင်း ပြဿနာရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းစဉ်များက ရည်ရွယ်ထားသည့်အတိုင်း ထိရောက်စွာလုပ်ဆောင်နေခြင်း ရှိ၊ မရှိ ကို အကဲဖြတ်ရန် လွတ်လပ်သောပြင်ပစစ်ဆေးသူ သို့မဟုတ် အကဲဖြတ်သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ နောက်ဆုံးအဆင့်ထိန်းချုပ်မှုတွင် စစ်ဆေးသူများနှင့် အကဲဖြတ်သူများထံမှ အစီရင်ခံစာများကို လက်ခံရယူရန် အတွက် ဒါရိုက်တာဘုတ်အဖွဲ့၏ လွတ်လပ်သောကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားရှိခြင်း ဖြစ်သည်။ ယခုသဘော တူညီချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုနှင့် တူညီကြောင်းနှင့် Al လုပ်ငန်းကဏ္ဍကို ကြီးကြပ်ကွပ်ကဲရန်အတွက် အဖွဲ့ဝင် ၁၀ ဦးခန့်ပါဝင်သော ကော်မတီတစ်ရပ်ဖွဲ့စည်းရန် စဉ်းစားနေကြောင်းလည်း သမ္မတထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

01 Oct

ADVERTISE HERE .