“တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်မှုဖြစ်ပွားသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်”
30 Sep
တနင်္သာရီကမ်းရိုးတန်းတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ မြစ်ရေမြင့်တက်မှုဖြစ်ပွားခဲ့သဖြင့် တနင်္သာရီမြို့ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့ အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါရေဝင်ရောက်မှု ဖြစ်ပေါ်လျက်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ ရေဘေးသင့်ပြည်သူများအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းများကို အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့အတူ ရေပြန်လည်ကျဆင်းသွားသည့် နေရာများတွင် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့စဉ်က တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကူညီရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။(NVS 008)