“အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAOs)ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး”
30 Sep
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ် ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေး အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ပွဲကို စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အတွင်းရေးမှူး(၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာ၊ NCA-S EAOs အဖွဲ့များ၏ ညှိနှိုင်းရေးမှူးများဖြစ်ကြသော ဦးမျိုးဝင်းနှင့် နန်းယဉ်ယဉ်စိုး တို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က EAO များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် မတူညီသောရည်မှန်းချက်၊ လိုလားချက်များနှင့်စပ်လျဉ်းပြီး EAO များနှင့် အစုအဖွဲ့အလိုက်နှင့် တစ်ဖွဲ့ချင်းအလိုက် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိအောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုကိုယ်စားပြုသည့် နိုင်ငံရေးပါတီများကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဆွေးနွေးဖက်အဖြစ်မဟုတ်ဘဲ အတူတကွ ပူးပေါင်းဆောင်ရွက်သူများအဖြစ် သတ်မှတ် ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ NCA လက်မှတ် မရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာအောင် အားလုံးမှ ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ ပါတယ်။ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAOs) ဆွေးနွေး ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အတွင်းရေးမှူး(၁) စပ်စိုင်းငင်း က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်လာအောင် သင့်လျော်မည့် လမ်းကြောင်းများဖြင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းကို သိရသဖြင့် ဝမ်းမြောက်ပါကြောင်း NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည် ဆောင်ရွက်နိုင်ရေးနှင့် အရေးကြီးဆုံးဖြစ်သည့် ယုံကြည်မှုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပရန် စီမံဆောင်ရွက်ထားမှုအခြေအနေများ၊ NCA-S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ တွေ့ဆုံဆွေးနွေးပွဲများတွင် တိကျသည့် သဘောတူညီချက်များ ချမှတ်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။(NVS 008)