“e-Government ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆) ဒုတိယသမ္မတ ဦးညိုစော တက်ရောက် အမှာစကားပြောကြား”
30 Sep
e-Government ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)ကို စက်တင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးတွင် ဒုတိယသမ္မတက နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်များကို ပိုမိုထိရောက် ကျယ်ပြန့်စွာ အကောင်အထည်ဖော်ပြီး အစိုးရတစ်ရပ်လုံးအတိုင်းအတာဖြင့် Digital Government သို့ ကူးပြောင်း နိုင်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များအောင်မြင်စေရန် အစိုးရကဏ္ဍတစ်ခုတည်းက ဆောင်ရွက်ရုံသာမက ပုဂ္ဂလိကကဏ္ဍ၊ နည်းပညာကျွမ်းကျင်သူများနှင့် ပူးပေါင်းပါဝင်သည့် Public-Private Partership(PPP)မူဘောင်များ ဖော်ဆောင်ရေး၊ Single Window One-Stop Digital Services Platform များဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး၊ သတင်းအချက်အလက်လုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသား အဆင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ၂၀၃၀ နှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတို့ကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေးတို့နှင့်ပတ်သက်၍ ပြည်သူများ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်သည့် e-Government မှသည် Digital Government တစ်ရပ် တည်ဆောက်နိုင်ရေးအတွက် ဌာနများ၊ အဖွဲ့အစည်းများအားလုံး စနစ်တကျဟန်ချက်ညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။(NVS 008)