“လက်နက်ကိုင်တပ်များ အင်အားတိုးမြှင့်ရေးအမိန့်ဒီကရီ ရုရှားသမ္မတပူတင် လက်မှတ်ရေးထိုး”
30 Sep
လက်နက်ကိုင်တပ်များ အင်အားတိုးမြှင့်ရေး အမိန့်ဒီကရီတစ်ရပ်ကို သမ္မတ ပူတင် က စက်တင်ဘာလ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ သမ္မတ ပူတင် ၏ အဆိုပါအမိန့်ဒီကရီအရ ရုရှား၏ လက်ရှိလက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အားတွင် တပ်ဖွဲ့ဝင် ဦးရေ ၁၅,၅၀၀ ထပ်တိုးလာမည်ဖြစ်ကြောင်း သိရသည်။ သမ္မတပူတင်၏ အဆိုပါအမိန့် ဒီကရီအရ ရုရှားလက်နက်ကိုင်တပ်များ၏ အင်အားမှာ အမြဲတမ်းတပ်ဖွဲ့ဝင် ၁ ဒသမ ၅၅ သန်းအပါအဝင် တပ်ဖွဲ့ဝင်အင်အား ၂ ဒသမ ၄၄ သန်းထိ ရှိလာမည်ဖြစ်သည်။ ရုရှားသမ္မတ ပူတင် သည် ယခုနှစ်အတွင်း စတုတ္ထအကြိမ်မြောက် လက်နက်ကိုင်တပ်များအင်အား မြှင့်တင်မှုဆိုင်ရာအမိန့်ဒီကရီကို လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ရုရှားလက်နက်ကိုင်တပ်များ အင်အားတိုးမြှင့်ရခြင်း၏အကြောင်းရင်းကို သမ္မတ ပူတင် ကစက်တင်ဘာလ ၂၈ ရက် အထူးအမိန့်ဒီကရီ၌ ဖော်ပြထားခြင်း မရှိကြောင်းသိရသည်။ ရုရှားသမ္မတ ပူတင် သည် ယခုနှစ် မတ်လ၊ ဇွန်လ၊ ဇူလိုင်လတို့တွင်လည်း လက်နက်ကိုင်တပ်များ အင်အားတိုးမြှင့်မှုဆိုင်ရာ အမိန့်ဒီကရီများကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။