“MAI နှင့် KBZMS General Insurance အပါအဝင် စီးပွားရေးမိတ်ဖက်အဖွဲ့များ ပူးပေါင်းစာချွန်လွှာများရေးထိုး”
29 Sep
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် KBZMS General Insurance အပါအဝင် နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းများက လေကြောင်းခရီးသွားလုပ်ငန်းနှင့် စီးပွားရေးအသိုင်းအဝိုင်း အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများကို စက်တင်ဘာလ ၂၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများကို MAI နှင့် KBZMS General Insurance၊ MTG International Company၊ RVi Group/Bagan Run တို့မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးမိတ်ဖက်ဆက်ဆံမှုမြှင့်တင်ရေးနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါတယ်။ ယင်းအခမ်းအနားမှာ MAI ၏ အလုပ်အမှုဆောင်အရာရှိချုပ် Mr. Tanes Kumar က ဒစ်ဂျစ်တယ်စနစ် အသွင်ကူးပြောင်းရေး၊ တီထွင်ဆန်းသစ်မှုနှင့် ရေရှည်တည်တံ့သော တိုးတက်မှုတို့မှတစ်ဆင့် လေကြောင်းလိုင်း၏ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒါ့အပြင် မိတ်ဖက်ဆက်ဆံရေး၊ အောင်မြင်မှုနှင့် မြန်မာနိုင်ငံကို ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် ကိုယ်စားပြုနိုင်ရေးတို့နှင့်ပတ်သက်၍ MAI ၏ Brand Ambassador များဖြစ်တဲ့ အာရှနှင့်ကမ္ဘာ့ကာယဗလချန်ပီယံ ရဲထွန်းနောင်၊ မြန်မာ့လက်ရွေးစင် ကြက်တောင် ကစားသမား ဖုန်းပြည့်နိုင်နှင့် သက်ထားသူဇာ တို့က ၎င်းတို့၏ အတွေ့အကြုံနှင့် အမြင်များကို မျှဝေဆွေးနွေးခဲ့ကြ ပါတယ်။ အခမ်းအနားမှာ MAI က လေကြောင်းလိုင်း၏ လုပ်ငန်း ဆောင်ရွက်မှုများမှာ ဆက်လက်ပံ့ပိုး ကူညီပေးလျက် ရှိတဲ့ ခရီးသွားအေဂျင်စီမိတ်ဖက်များကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)