“အများပြည်သူသုံးစွဲရန်မသင့်တဲ့ တိုင်းရင်းဆေးဝါး ၄ မျိုးကို အသိပေးကြေညာ”

29 Sep

တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်းဆေးဝါး ၄ မျိုးကို ဆေးဝါးစစ်မှန်အစွမ်းထက်မှုကို အာမခံ ချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း စက်တင်ဘာလ ၂၈ ရက်မှာ ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုး အာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက် ရှိနေပါတယ်။ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဆရာကြီးဦးတင်အေး၏ ကချင်အမှတ်တံဆိပ် သွေးတိုးကျ လေနှင်ဆေး(ဆေးလုံး+ဆေးမှုန့်/ဆေးဘူး)က တိုင်းရင်းဆေးဝါးမှတ်ပုံတင်ရရှိခဲ့ဖူးပေမယ့် တိုင်းရင်းဆေးဝါးထုတ်လုပ် ခွင့်လိုင်စင်လျှောက်ထားမှုမရှိခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင် သက်တမ်းကုန်ဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လေးပါးရာဇာ အမှတ်တံဆိပ်သွေးတိုးပျောက်ဆေးကြီး(ဆေးပြား/ဆေးထုပ်)က တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်ရရှိခဲ့သော်လည်း သက်တမ်းတိုးလျှောက်ထားမှုမရှိခြင်း၊ သက်တမ်းကုန်ဆုံးခြင်း၊ ရှင်းအမှတ်တံဆိပ် သွေးတိုးကျဆေး (ဆေးပြား/ဆေးထုပ်)က တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှုမရှိခြင်းနှင့် ရွှေမင်းသားအမှတ်တံဆိပ် အားတိုးဆေး(ဆေးမှုန့်/ဆေးထုပ်)က တိုင်းရင်းဆေးဝါး မှတ်ပုံတင်မရှိခြင်း၊ အခြားဆေး၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်- TMR နံပါတ်ကို ထည့်သွင်း အသုံးပြုခြင်းများကို တွေ့ရှိခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ အဆိုပါတိုင်းရင်းဆေးဝါးများက တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှုမရှိသော တိုင်းရင်းဆေးဝါးများ ဖြစ်သဖြင့် ဆေးဝါးစိစစ်မှန်ကန်မှု အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း အသိပေးထားခြင်း ဖြစ်ပါတယ်။ (NVS 008)

29 Sep

ADVERTISE HERE .