“အားကောင်းသော မုန်တိုင်းငယ်မှ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့”
29 Sep
မြန်မာနိုင်ငံကိုဖြတ်ကျော်ဝင်ရောက်လာတဲ့ အားကောင်းသော မုန်တိုင်းငယ်က ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ပြောင်းလဲကာ အားလျော့သွားခဲ့ပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုူဦးစီးဌာနရဲ့ စက်တင်ဘာလ ၂၉ ရက် နံနက် ၇ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။ စက်တင်ဘာလ ၂၈ ရက် ညနေပိုင်းမှစတင်ဝင်ရောက်လာသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) အဖြစ် အားလျော့သွားခဲ့ကာ မြန်မာနိုင်ငံ၊ ဖြူးမြို့၏ တောင်ဘက်အနီးမှ ဆက်လက်ဖြတ်ကျော်ခဲ့ပါတယ်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်က မြန်မာနိုင်ငံ၊ ဖြူးမြို့(Phyu)၏ တောင်-အရှေ့ တောင်ဘက် မိုင် ၃၀ ခန့်၊ တောင်ငူမြို့(Taunggu)၏ တောင်-အရှေ့တောင်ဘက် မိုင် ၆၀ ခန့်နှင့် နေပြည်တော် (Naypyitaw)၏ တောင်-အရှေ့တောင်ဘက် ၁၂၀ မိုင်ခန့်အကွာကို ဗဟိုပြုနေပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာ ကျဲကျဲ၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီ၊ ကယားနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့မှာ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။ မုန်တိုင်းငယ်က အားလျော့သွားသော်လည်း ၎င်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေယာဉ်၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရှောင်ရှားကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထား ပါတယ်။ (NVS 008)