“She Made Myanmar By MWEA FMCG MSME Award ပြိုင်ပွဲကျင်းပရန် အမျိုးသမီးလုပ်ငန်းရှင်များကို ဖိတ်ခေါ်”
29 Sep
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း(မန္တလေး)၏ (၁၀) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် "She Made Myanmar By MWEA FMCG MSME Award" ပြိုင်ပွဲကိုကျင်းပနိုင်ရန် အမျိုးသမီးလုပ်ငန်းများအား ဖိတ်ခေါ်လျက်ရှိကြောင်း သိရပါတယ်။ ယခုကျင်းပတဲ့ပြိုင်ပွဲက မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်ခြင်း သို့မဟုတ် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၏ကဏ္ဍကို မြှင့်တင်ပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး ပါဝင်ယှဉ်ပြိုင် လိုသူများအနေနဲ့ လျှောက်လွှာများစတင်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူများ အနေနဲ့ MWEA အသင်းဝင်ဖြစ်ရပါမယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမှန်တကယ်စိုက်ပျိုးထုတ်လုပ်နေသူ သို့မဟုတ် ထုတ်ကုန်ထုတ်လုပ်နေတဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းသက်တမ်းမှာ ၃ နှစ်မှ ၅ နှစ်အတွင်း ရှိရမှာ ဖြစ်ပါတယ်။ လျှောက်ထားရာမှာ ကုမ္ပဏီမှတ်ပုံတင်၊ စည်ပင်လိုင်စင်၊ SME သို့မဟုတ် FDA လိုင်စင် စတဲ့ တရားဝင်လုပ်ငန်း လိုင်စင်အထောက်အထားများ၊ ၃ နှစ်စာ ဝင်ငွေခွန်ထမ်းဆောင်ထားတဲ့ အထောက်အထားနှင့် ၂ နှစ်စာ ဘဏ္ဍာရေးရှင်း တမ်းများ ပြည့်စုံစွာတင်ပြရမှာဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ လွန်ခဲ့တဲ့ ၂ နှစ် အတွင်း ရောင်းအားနှင့်ဈေးကွက်တိုးတက်မှု၊ ဒီဂျစ်တယ်နည်းပညာ အသုံးပြုနိုင်မှု၊ တီထွင်ဖန်တီးမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အခက်အခဲများကို ကျော်လွှားနိုင်မှု၊ လူမှုအသိုက်အဝန်းအပေါ် အကျိုးပြုမှု စတဲ့အချက်အလက်များကို သက်ဆိုင်ရာ အထောက်အထားများ၊ လုပ်ငန်းဓာတ်ပုံ ၁၀ ပုံတို့နှင့်အတူ ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ရောက်ရန် စိတ်ပါဝင်စားသူများအနေနဲ့ လျှောက်လွှာများကို မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း (မန္တလေး) သို့ တိုက်ရိုက်ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ (NVS 008)