“တနင်္သာရီကမ်းရိုးတန်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခု မိုးကြီးနိုင်”

28 Sep

တနင်္သာရီကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင် ဖြစ်ပေါ်နေပြီး ယင်း၏အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် မိုးကြီးနိုင်ကာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းက နောက် ၂၄ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ယင်း၏အရှိန်ကြောင့် စက်တင်ဘာလ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများ၊ ကယား၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရပါတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း များ ကျရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၃၅ မိုင်အထိ ရှိနိုင်ကာ လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိရှိနိုင် ကြောင်း သိရပါတယ်။ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင်လည်း မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ ၂၅ မိုင်မှ မိုင် ၃၀ အထိ ရှိနိုင်ကာ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေအထိ မြင့်တက်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ (NVS 008)

28 Sep

ADVERTISE HERE .