“ထားဝယ်မြို့မှာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး”
28 Sep
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က ထားဝယ်မြို့မှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံနေသောနေရာများ ကို စက်တင်ဘာလ ၂၇ ရက်မှာ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့အပါအဝင် မြို့နယ်အချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေများမြင့်တက်ကာ စက်တင်ဘာလ ၂၇ ရက်မှစတင်၍ နေအိမ်များအတွင်းနှင့် လမ်းများပေါ်မှာ ရေဝင် ရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က ရေဝင်ရောက်နေတဲ့ နေအိမ်များမှာ နေထိုင်သူများကို တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းဝင်များက ရေဘေးလွတ်ကင်းရာသို့ ကူညီရွှေ့ပြောင်းပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဆက်လက်ပြီး ရေကျော်မှုများဖြစ်ပေါ်နေတဲ့ ပေါက်တိုင်းတံတား၊ ဆေးရုံကြီးလမ်း၊ မြို့သစ်(၈)လမ်း၊ ထားဝယ် ကမ်းနားလမ်းနှင့် အ.ထ.က(၂)ကျောင်းရှေ့တို့ကို ကြည့်ရှုစစ်ဆေးပြီး ရေကျော်နေသည့်လမ်းများကို အမြန်ဆုံး ပြုပြင်ထိန်းသိမ်းရန်၊ ဒေသခံများ သွားလာမှုလွယ်ကူစေရေး ဦးစားပေးဆောင်ရွက်ရန်၊ လိုအပ်တဲ့ကူညီထောက်ပံ့မှု များ ရရှိနိုင်ရေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရေမြောင်းများရေစီးရေလာကောင်းမွန် စေရေးအတွက် ရေကာနံရံများကို စနစ်တကျအမြန်ဆုံးဆောင်ရွက်ရန်၊ ရေစီးနှင့်အတူပါလာတဲ့ အမှိုက်များကို စနစ်တကျရှင်းလင်းရန်၊ ဒီရေအတက်အကျကို အထူးဂရုပြုဆောင်ရွက်ရန်၊ ထားဝယ်မြို့နည်းတူ အခြားမြို့နယ် များကိုလည်း လိုအပ်သည့်ကူညီထောက်ပံ့မှုများ ချက်ချင်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 008)