“နိုင်ငံအတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို တက္ကသိုလ်များမှ စဉ်ဆက်မပြတ် မွေးထုတ်ပေးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား”

28 Sep

နိုင်ငံအတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို တက္ကသိုလ်များမှ စဉ်ဆက်မပြတ် မွေးထုတ်ပေးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စက်တင်ဘာလ ၂၇ ရက်မှာ ရန်ကုန် တက္ကသိုလ်(လှိုင်နယ်မြေ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ပါတယ်။ ဒါ့အပြင် လှိုင်တက္ကသိုလ်များနယ်မြေနှင့် ကမာရွတ်တက္ကသိုလ်နယ်မြေတို့အတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို တစ်စုတစ်စည်းတည်း ဆောင်ရွက်နိုင်ရေးနှင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုလျင်မြန်အဆင်ပြေချောမွေ့စေရေးအတွက် ပေါင်းစည်းဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတ က ပညာရေးအရ ရင်းနှီးမြှုပ်နှံခြင်းဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ် နိုင်ငံတော်ကောင်းကို ပုံဖော်တည်ဆောက်နေတာဖြစ်တဲ့အတွက် နိုင်ငံအတွက် အသိပညာ၊ အတတ်ပညာပြည့်စုံတဲ့ လူသားအရင်းအမြစ်ကောင်းတွေကို တက္ကသိုလ်တွေက စဉ်ဆက်မပြတ်မွေးထုတ်ပေးဖို့ လိုအပ်ကြောင်း၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ကောလိပ်များအနေနဲ့ ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ် ပေးပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများအဖြစ် ပြန်လည်အကျိုးပြု တာဝန်ထမ်းဆောင် နိုင်ရေးကို ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်သမ္မတက ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)အတွင်းရှိ စာသင်ဆောင်များ၊ ဘာသာရပ် အလိုက် စာပေဌာနများ၊ စာကြည့်တိုက်၊ Theater များ၊ ကျောင်းသား၊ ကျောင်းသူအဆောင်များနှင့် တက္ကသိုလ် အဆောက်အအုံများ အကွက်ချထားရှိမှုအပါအဝင် မြေပြင်အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ (NVS 008)

28 Sep

ADVERTISE HERE .