“ဘန်ကောက်ရေဘေးသင့်ပြည်သူများ အကူအညီတောင်းခံ”
28 Sep
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၅ နှစ်အတွင်း အဆိုးဆုံးဖြစ်သည့် ရေကြီး ရေလျှံမှုဖြစ်ပွားနေပြီး နေအိမ်များအတွင်းပိတ်မိနေသည့် ပြည်သူများက အစားအစာများနှင့် သန့်ရှင်းသော သောက်ရေများ အရေးပေါ်ပို့ဆောင်ပေးရန် တောင်းဆိုနေကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုက စက်တင်ဘာလ ၂၇ ရက်တွင်ဖော်ပြထားသည်။ မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ဘန်ကောက်မြို့ရှိ လမ်းမများ၊ နေအိမ်များနှင့် မော်တော်ယာဉ် များသည် ရေအောက်သို့ရောက်ရှိနေပြီး အချို့နေရာများတွင်မူ ရေမှာ ရင်ဘတ်အထိ မြင့်တက်လျက်ရှိသည်။ ထိုသို့ ရေကြီးမှုကြောင့် သွားလာရေးအခက်အခဲ ဖြစ်ပေါ်နေသည့်အပြင် နေအိမ်များတွင် ပိတ်မိနေသူများအတွက် အစားအစာနှင့် သောက်ရေရရှိရေးမှာ အရေးပေါ် လိုအပ်ချက်ဖြစ်လာသည်။ ဘန်ကောက်မြို့ အရှေ့ပိုင်းဒေသများတွင် ရေကြီးမှုမှာ ပိုမိုဆိုးရွားနေပြီး မိုးရေများကို ရေမြောင်းစနစ်များက လုံလောက်စွာ စီးဆင်းစေနိုင်ခြင်းမရှိသဖြင့် နေအိမ်များအတွင်းအထိ ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ဘန်ကောက် မြို့တော် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မြို့နယ် ၅၀ လုံးကို ရေဘေးအန္တရာယ် ကျရောက်သည့်ဒေသများအဖြစ် သတ်မှတ် ထားသည်။ ရေဘေးအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ထိုင်းဝန်ကြီးချုပ်သည် ဗြိတိန်ခရီးစဉ်ကို အချိန်မတိုင်မီ ရပ်တန့်ကာ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ လက်ရှိတွင် မိုးရွာသွန်းမှု လျော့ကျလာသော်လည်း ဘန်ကောက်မြို့ရှိ ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် အရေးပေါ်အကူအညီများ ဆက်လက်လိုအပ် နေဆဲဖြစ်ကြောင်းသိရသည်။