“မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိ”
27 Sep
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဝန်ထမ်းအိမ်ရာ အသစ်များတည်ဆောက်မှုအနေဖြင့် ဓနသိဒ္ဓိရပ်ကွက်တွင် တိုက် ၂၉၃ လုံး၊ အခန်းပေါင်း ၄၆၆၈ ခန်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ် တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်တို့နှင့်အတူ စက်တင်ဘာလ ၂၆ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်နေသည့် အကွက်အမှတ်(၈-က) ကို ကြည့်ရှုကာ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ လုပ်ငန်းများ သတ်မှတ်ချက်နှင့်အညီပြီးစီးရေး တွန်းအားပေး ဆောင်ရွက်ရန်၊ Modular House များတွင် ယာယီနေထိုင်သည့် နိုင်ငံ့ဝန်ထမ်းများကို အမြန်ဆုံး နေရာချထား ပေးနိုင်ရေးအတွက် ပြီးစီးနိုင်သည့်အိမ်ရာများကို ဦးစားပေးဆောင်ရွက်ပေးရန်၊ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံ များဖြစ်စေရေးအတွက် ပညာရှင်များ၏ အကြံပြုချက်များကိုရယူ၍ ကျွမ်းကျင်အင်ဂျင်နီယာများ၊ လုပ်ငန်းအတွေ့ အကြုံရှိသည့် တည်ဆောက်ရေးကုမ္ပဏီများဖြင့် ဆောင်ရွက်လျက်ရှိသောကြောင့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ လက်ရာသေသပ်ကောင်းမွန်စေရေး၊ လုပ်ငန်းခွင်သန့်ရှင်းရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် ကွန်ကရစ်လမ်း၊ လျှပ်စစ်မီး၊ ရေလိုင်းစနစ်နှင့် ရေနုတ်မြောင်းများစသည့် Infrastructure များပါ တစ်ပါတည်းပြီးစီးရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 008)