“စက်ရုံများအော်ဒါကျဆင်းပြီးပိတ်သိမ်းစေရေး၊ အလုပ်သမားများအလုပ်လက်မဲ့ဖြစ်စေရေး မဟုတ်မမှန် သတင်းများ ဖြန့်ဝေမှုကို သိရှိနားလည်ကြရန်လိုအပ်”

27 Sep

စက်ရုံများအော်ဒါကျဆင်းပြီး ပိတ်သိမ်းစေရေး၊ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်စေရေးတို့အတွက် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသူများ၏ မဟုတ်မမှန်သတင်းများဖြင့် ဖြန့်ဝေသွေးထိုးလှုံ့ဆော်မှုများကို သိရှိနားလည် ကြရန်လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး က ပြောကြားခဲ့ကြောင်း သိရပါတယ်။ စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ကနောင်ခန်းမ၌ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ ပုံမှန်လည်ပတ်၍ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ စဉ်ဆက်မပြတ်ရရှိစေရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်း တည်မြဲရေးနှင့် လုပ်ငန်းခွင် အေးချမ်းသာယာရေးအတွက် အလုပ်သမားဝန်ကြီးဌာနက မျက်ခြည်မပြတ်စောင့်ကြည့် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အလုပ်ရှင်များကလည်း အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် တင်ပြချက်များကို အလေးထား ဖြေရှင်းပေးခြင်း၊ အလုပ်သမားများမှလည်း အမှာစာများမဆုံးရှုံးရအောင် စက်ရုံ၏စည်းကမ်းချက်များကို လိုက်နာကာ လုပ်ငန်းခွင် အေးချမ်းသာယာရေးအတွက် တာဝန်သိစွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားနှစ်ဦး နှစ်ဖက်လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး လုပ်ကိုင်ဆောင်ရွက်သွားမည် ဆိုပါက လုပ်ငန်းခွင် အေးချမ်းသာယာမှုကို ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)တို့မှ တာဝန်ရှိသူ များ၊ စက်ရုံပိုင်ရှင်နှင့် မန်နေဂျာများ၊ ရန်ကုန်မြို့ရှိ စက်မှုဇုန်အားလုံးမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(CTUM)၊ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(STUM)တို့မှ တာဝန်ရှိသူများနှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရပါတယ်။(NVS 008)

27 Sep

ADVERTISE HERE .