“အီရန်၏ ငြိမ်းချမ်းရေးဆိုင်ရာအဆိုပြုချက်များ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ငြင်းပယ်”
27 Sep
ခုနစ်ရက်တာကာလအတွင်း ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးနှင့် ဒေသတွင်းစစ်ရေးပဋိပက္ခများ ရပ်တန့်ရေးတို့အတွက် အီရန်နိုင်ငံကတင်ပြထားသည့် အဆိုပြုချက်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ငြင်းပယ်ထားကြောင်း စက်တင်ဘာလ ၂၅ ရက် သတင်းများတွင် ရေးသားတင်ပြခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ ခြောက်လကျော်ကြာ အီရန်စစ်ရေးပဋိပက္ခ အဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေးအစီအစဉ်တစ်ရပ်ကို ကာတာအစိုးရမှတစ်ဆင့် အမေရိကန်အစိုးရထံ ပေးပို့ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီ က စက်တင်ဘာလ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ အဆိုပါငြိမ်းချမ်းရေးအစီအစဉ်အရ ခုနစ်ရက်အတွင်း ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်မည် ဖြစ်ပြီး ဒေသတွင်း စစ်ရေးပဋိပက္ခများကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားသည်။ သို့ရာတွင် အမေရိကန်မီဒီယာများ၏အဆိုအရ အီရန်နိုင်ငံ၏ အဆိုပါငြိမ်းချမ်းရေးအစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပယ်ချထားကြောင်းသိရသည်။ ပြီးခဲ့သည့်ရက်များအတွင်း အီရန်နှင့် အမေရိကန် တာဝန်ရှိသူများသည် အီရန်စစ်ရေးပဋိပက္ခပြီးဆုံးရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း သိသာ ထင်ရှားသည့်ရလဒ်မျိုးပေါ် ထွက်လာမှုမရှိသေးကြောင်း သိရသည်။