“ဆီစက်လုပ်ငန်းရှင်များ အများဆုံးကျပ်သိန်း ၅,၀၀၀ အထိ ချေးငွေလျှောက်ထားနိုင်”

26 Sep

အများဆုံးကျပ်သိန်း ၅,၀၀၀ အထိ ရယူနိုင်သည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထား နိုင်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က အသိပေးထားရှိပါတယ်။ ပြည်တွင်းရှိဆီစက်များ အဆင့်မီစက်ပစ္စည်းများတိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက် အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာစွာ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ချေးငွေလျှောက်ထားရာတွင် လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်ဖြစ်ပြီး လုပ်ငန်းအမည်ပေါက် လိုင်စင်(သက်တမ်း)ရှိရမှာဖြစ်ပါတယ်။ ချေးငွေအတွက်အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်း နိုင်သည့်ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇)များကို ပေးအပ်နိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံပိုင် ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများမှာ ဆီစက်ဖွံ့ဖြိုးရေးချေးငွေရယူလိုပါက သီးခြားအာမခံဖြင့် တင်သွင်းလျှောက်ထားရမှာဖြစ်ပြီး ချေးငွေကို FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူနှင့် သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဝင်လုပ်ငန်းရှင်များအား ဦးစားပေးစဉ်းစားသွားမှာဖြစ်ပါတယ်။ လုပ်ငန်းသုံးလှည့်ပတ်ငွေအဖြစ် အနည်းဆုံး ကျပ်သိန်း ၁ဝဝ မှ အများဆုံးကျပ်သိန်း ၅,ဝဝဝ အထိ မတည်ရင်းနှီးငွေအဖြစ် အနည်းဆုံးကျပ်သိန်း ၂ဝဝ မှ အများဆုံးကျပ်သိန်း ၅,ဝဝဝ အထိဖြစ်ပြီး ချေးငွေသက်တမ်းမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် (၁)နှစ်ဖြစ်ပြီး မတည်ရင်းနှီးငွေအတွက် (၃)နှစ်ဖြစ်သတ်မှတ်ထားရှိပါတယ်။ ချေးငွေပြန်လည်ပေးဆပ်ရာ၌ ဆိုင်းငံ့ကာလမှာ(၁)နှစ်ဖြစ်ပြီး ပြန်ဆပ်ကာလကို(၂)နှစ်သတ်မှတ်ထားကာ (၆)လတစ်ကြိမ် (၄)ရစ်ပေးဆပ်ရမှာဖြစ်ပြီး အတိုးနှုန်းအနေဖြင့် (၁)နှစ်လျှင်(၅)ရာခိုင်နှုန်းသတ်မှတ်ထားကြောင်း သိရပါတယ်။ ချေးငွေလျှောက်ထားလိုသည့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ချေးငွေအဆိုပြုလွှာများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့တွင် ရယူနိုင်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။(NVS 008)

26 Sep

ADVERTISE HERE .