“PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ထားဝယ်မြို့မှကျောင်းသားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်”
26 Sep
PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ထားဝယ်မြို့မှကျောင်းသား ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်ရှိ အ.ထ.က(၇)မှ Grade(7)ကျောင်းသား ၆ ဦးကို ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာလမ်းဆုံ၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။ လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခံရသည့် ကျောင်းသားများအား ပြန်လည်ကယ်တင်နိုင်ရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းတွင် ကျောင်းသား(၂)ဦးအား ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့၏ ပြောကြားချက်အရ PDF အမည်ခံအကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်တစ်စီးဖြင့် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီး ပကာရီကျေးရွာအုပ်စု၊ ပခပ်ကျေးရွာအနီးရှိ ဥယျာဉ်ခြံအတွင်း၌ ဖမ်းဆီးချုပ်နှောင်ထားကာ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ပကာရီကျေးရွာအဝင်လမ်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ကျန်ရှိသည့် ကျောင်းသား(၄)ဦးအား ထပ်မံကယ်တင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် သဗျာကျေးရွာအနီး၌ ကယ်တင်နိုင်ခဲ့သဖြင့် ၎င်းတို့၏မိသားစုဝင်များထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းမှာ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ထားဝယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၆)ဦးနှင့် အရပ်သားတစ်ဦးတို့က မောင်းမကန်ကမ်းခြေရှိ စားသောက်ဆိုင်တစ်ဆိုင်၌ နေ့လယ်စာစားနေစဉ် ၎င်းတို့အား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးနှင့် ရှာဖွေရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)