“နျူကလီးယားစမ်းသပ်မှုပိတ်ပင်ရေး နိုင်ငံတကာတောင်းဆိုချက် မြောက်ကိုရီးယားပယ်ချ”

26 Sep

နျူကလီးယားစမ်းသပ်မှုများ ရပ်ဆိုင်းရန်တောင်းဆိုထားသည့် နိုင်ငံတကာကြေညာချက်တစ်ရပ်ကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၄ ရက်တွင် ပယ်ချခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ နျူကလီးယားစမ်းသပ်မှုများ ဘက်စုံပိတ်ပင်ရေးစာချုပ် မိတ်ဖက်နိုင်ငံများအုပ်စုမှ နိုင်ငံခြားရေးဝန်ကြီး များသည် စက်တင်ဘာလ ၂၄ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ တွေ့ဆုံဆွေးနွေး၍ နျူကလီးယား စမ်းသပ်မှုများ ရပ်ဆိုင်းရန် မြောက်ကိုရီးယားကို တိုက်တွန်းခဲ့ကြသည်။ နျူကလီးယား စမ်းသပ်မှုများ ဘက်စုံပိတ်ပင်ရေးစာချုပ် မိတ်ဖက်နိုင်ငံများအုပ်စုတွင် ဩစတြေးလျ၊ ကနေဒါ၊ ဖင်လန်၊ ဂျာမနီ၊ ဂျပန်၊ နယ်သာလန်နိုင်ငံတို့ ပါဝင်ကြသည်။ သို့ရာတွင် နျူကလီးယားစမ်းသပ်မှုများ ရပ်တန့်ရေး အတွက် အဆိုပါနိုင်ငံများ၏ တောင်းဆိုချက်ကို ရန်သူနိုင်ငံများ၏ နိုင်ငံရေးရန်စမှုတစ်ရပ်အဖြစ် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံသည် တာဝန်ယူမှုရှိသည့် နျူကလီးယား လက်နက်အင်အားရှင်နိုင်ငံ ဖြစ်ကြောင်းလည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားနိုင်ငံက ထပ်မံလုပ်ဆောင်လာနိုင်သည့် နျူကလီးယားစမ်းသပ်မှုမှန်သမျှသည် တာဝန်မဲ့ရာ ရောက်မည်ဖြစ်ကြောင်း နျူကလီးယားစမ်းသပ်မှု ဘက်စုံပိတ်ပင်ရေးစာချုပ် မိတ်ဖက်နိုင်ငံများ၏ ပူးတွဲကြေညာချက် တွင် ဖော်ပြထားကြောင်းသိရသည်။

26 Sep

ADVERTISE HERE .