“ဆီအုန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး”

25 Sep

မြန်မာနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့အကြား ဆီအုန်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက် ရေးအပြင် တောင်သူပညာပေးလုပ်ငန်းများနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာဖလှယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက် နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က စက်တင်ဘာလ ၂၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးတာဝန်ခံ H.E. Mr. Novan Ivanhoe Saleh ဦးဆောင်တဲ့အဖွဲ့ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံစဉ် ဆီအုန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ တောင်သူများအတွက် အသိပညာပေးအစီအစဉ်များ ထုတ်လုပ်ရေး၊ တောင်သူပညာပေး သင်တန်းကျောင်းများ တည်ဆောက်ရေးနှင့် ဒီဂျစ်တယ်၊ ရုပ်သံအခြေပြု စိုက်ပျိုးရေးသတင်းအချက်အလက်များ ဖြန့်ဝေပေးရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ မျှဝေခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် နည်းပညာအတွေ့အကြုံများ အပြန်အလှန်ဖလှယ်ခြင်းတို့မှတစ်ဆင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .