“ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအောင်ပွဲကို ခမ်းနားစွာကျင်းပမည်”
25 Sep
မြန်မာနိုင်ငံမှာ ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအပါအဝင် လှူဒါန်းမှုအစုစု အတွက် ရေစက်ချအလှူတော်အောင်ပွဲကို ခမ်းနားစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အလှူတော်အောင်ပွဲကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၄ ရက်မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ဘုရားဖူးပြည်သူများ ရာသီမရွေး စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက နေပူခံစကျင်ကျောက်ပြားများ ခင်းကျင်းလှူဒါန်းခဲ့ကြောင်း ပြောကြားပါတယ်။ ဒါ့အပြင် အာရုံခံတန်ဆောင်းများ၊ ကျောက်စာရုံများနှင့် အခြားသာသနိက အဆောက်အအုံများ အမြင်တင့်တယ်စေရေး ပြုပြင်မွမ်းမံခြင်း၊ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ငလျင်ဒဏ်ခံနိုင်စေရန် အတွင်းလှိုင်ခေါင်းကြံ့ခိုင်မှုပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားပါတယ်။ (NVS 008)