“ကောင်စစ်ဆိုင်ရာလျှောက်ထားရာမှာ မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်းမိတ္တူများ ပူးတွဲတင်ပြရမည်”

25 Sep

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေနဲ့ ကောင်စစ်ဆိုင်ရာကိစ္စရပ်များ လျှောက်ထားရာမှာ နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူနှင့်အိမ်ထောင်စုစာရင်းမိတ္တူတို့ကို မဖြစ်မနေပူးတွဲတင်ပြရမှာဖြစ်ပြီး အဆိုပါမိတ္တူများမပါ ရှိပါက လက်ခံဆောင်ရွက်ပေးမှာမဟုတ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက စက်တင်ဘာလ ၂၄ ရက် မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ မြန်မာသံရုံး(တိုကျို)အနေနဲ့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေထိုင်၍ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများ ၏ ကောင်စစ်ဆိုင်ရာလျှောက်လွှာများကို လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ လက်ခံဆောင်ရွက် ပေးလျက်ရှိပါတယ်။ ကောင်စစ်ဆိုင်ရာကိစ္စရပ်များ လျှောက်ထားရာမှာ လိုအပ်တဲ့အချက်အလက်များ ပြည့်စုံစေရန် လျှောက်ထားသူ ကာယကံရှင်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူတို့ကို မဖြစ်မနေ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သံရုံးက အသိပေးထားပါတယ်။ အထူးသဖြင့် စာတိုက်မှတစ်ဆင့် လျှောက်ထားသူများအနေဖြင့် အဆိုပါမိတ္တူများကို ပူးတွဲပေးပို့ခြင်းမရှိပါက အချက်အလက်မပြည့်စုံတဲ့ လျှောက်လွှာအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ ယခုလိုအချက်အလက်မပြည့်စုံတဲ့ လျှောက်လွှာ များကို သံရုံးက လက်ခံဆောင်ရွက်ပေးမှာမဟုတ်ဘဲ လျှောက်ထားသူထံ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .