“ပင်းတယမြို့နယ် သိမ်ကုန်း-ကြံခင်းမြောင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး”

25 Sep

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ သိမ်ကုန်း-ကြံခင်းမြောင် လမ်းကို ကတ္တရာခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လက်ရှိမှာ လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသိမ်ကုန်း-ကြံခင်းမြောင်လမ်း နှစ်မိုင်အနက် တစ်မိုင်ကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကျန်တစ်မိုင်အား ကတ္တရာခင်းခြင်းတို့ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦး နှင့်အဖွဲ့က စက်တင်ဘာလ ၂၃ ရက်မှာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုရန်ပုံငွေနဲ့ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ကွန်ကရစ်တံတား ၁၀ စင်းနှင့် ရေပြွန်များတည်ဆောက်ခြင်း၊ ဆိုလာမီး ၉၆၅ စုံ တပ်ဆင်ခြင်းနှင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ခြင်းလုပ်ငန်း ငါးခုအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .