“တစ်နိုင်ငံလုံးရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအပါအဝင် သာသနာနွယ်ဝင်များကို UID နံပါတ်ထုတ်ပေးမည်”

25 Sep

တစ်နိုင်ငံလုံးရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအပါအဝင် သာသနာဝင်၊ သာသနာနွယ်ဝင်များအားလုံးကို အမျိုးသားအဆင့် စိစစ်ရေးနံပါတ်(Unique ID - UID) ဂဏန်း ၁၀ လုံး ထုတ်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရပါတယ်။ UID စနစ်က e-ID (အီလက်ထရောနစ်မှတ်ပုံတင်)စနစ်၏ အဓိကအခြေခံတစ်ရပ်ဖြစ်ပြီး ဗဟိုဒေတာဘေ့စ်မှာ သိမ်းဆည်းထားတဲ့ အချက်အလက်များအပေါ် အခြေခံ၍ တစ်ဦးချင်းစီအတွက် သီးသန့်နံပါတ်တစ်ခုစီ ထုတ်ပေးခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအား UID နံပါတ် ထုတ်ပေးနိုင်ရေးအတွက် ညွှန်ကြားချက်များ စတင်ထုတ်ပြန်ထားပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လုပ်ငန်းစဉ်များဆောင်ရွက်ရာမှာ သက်ဆိုင်ရာ သံဃနာယကအဖွဲ့များနှင့်ညှိနှိုင်း၍ မြို့နယ်အလိုက်စိစစ်ခြင်း များ ပြုလုပ်မှာ ဖြစ်ပါတယ်။ အခုလိုစိစစ်ရာမှာ ကိုယ်ရေးအချက်အလက်များနှင့်အတူ မျက်နှာသွင်ပြင်၊ လက်ချောင်း ၁၀ ချောင်း၏ လက်ဗွေနှင့်မျက်စိသူငယ်အိမ်ဆိုင်ရာ ဇီဝအချက်အလက်(Biometrics)များကိုပါ ကောက်ယူသွားမှာ ဖြစ်ပါတယ်။ UID နံပါတ်က လူတစ်ဦးချင်းစီအတွက် ထပ်တူမရှိတဲ့ သီးသန့်နံပါတ်ဖြစ်လို့ အမည်နှင့်လိပ်စာတူညီ နေတဲ့ အခြေအနေများမှာပင် အချက်အလက်များ မှားယွင်းရောထွေးမှုမရှိဘဲ သက်ဆိုင်သူ၏ အချက်အလက်ကို တိကျစွာ စိစစ်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ UID နံပါတ် ရရှိထားပါက သာသနာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားခြင်း၊ ပြည်ပဘုရားဖူးခရီးသွားရောက်ခြင်း၊ ဆေးကုသမှုခံယူခြင်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု များရယူရာမှာ ပိုမိုလွယ်ကူအဆင်ပြေစေမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .