“မီယာမီ G-20 ထိပ်သီးညီလာခံတက်ရောက်ရန် ရုရှားသမ္မတ ပူတင် ကို အမေရိကန်အစိုးရဖိတ်ကြား”
25 Sep
ယခုနှစ် ဒီဇင်ဘာလအတွင်း ဖလော်ရီဒါပြည်နယ် မီယာမီမြို့၌ကျင်းပမည့် G-20 ထိပ်သီးညီလာခံ တက်ရောက်ရန် ရုရှားသမ္မတ ပူတင် ကို အမေရိကန်အစိုးရက ဖိတ်ကြားထားကြောင်း စက်တင်ဘာလ ၂၃ ရက် သတင်းများတွင် ရေးသားတင်ပြခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ မီယာမီ G-20 ထိပ်သီးညီလာခံတက်ရောက်ရန် ရုရှားသမ္မတ ပူတင် အား ဖိတ်ကြားထားမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က စက်တင်ဘာလ ၂၃ ရက်တွင် အတည်ပြုကြေညာထားခြင်းဖြစ်သည်။ မီယာမီ G-20 ထိပ်သီးညီလာခံကာလအတွင်း ရုရှားသမ္မတ ပူတင် သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ခြေရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ၏အဆိုအရ သိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို သည် နယူးယောက်မြို့၌ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ် နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယူကရိန်းစစ်ရေးပဋိပက္ခ ပြီးဆုံးရေးအတွက် သံတမန်ရေးအရ ကြိုးပမ်းမှုများရပ်တန့်နေသော်လည်း ရုရှားနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေးအတွက် အမေရိကန်နိုင်ငံက ဆက်လက်လမ်းဖွင့်ထားသည်ဟု နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားထားကြောင်းသိရသည်။