“ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနဲ့ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲကိုဝင်ပြိုင်မယ့်မြန်မာလှေလှော်အသင်း”

24 Sep

မြန်မာလှေလှော်အားကစားအဖွဲ့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနဲ့ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေ လှော်ပြိုင်ပွဲတွေကို ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာလှေလှော်အားကစားအဖွဲ့ဟာ ကမ္ဘာ့အဆင့်နဂါးလှေလှော်ပြိုင်ပွဲတွေကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ စက်တင်ဘာလ ၂၂ ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားပြီး အုပ်ချုပ်၊ နည်းပြနဲ့ ကစားသမား စုစုပေါင်း ၂၁ ဦး လိုက်ပါ သွားခဲ့ကြောင်း သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ (ICF Dragon Boat World Cup 2026) ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ယွမ်လင်မြို့မှာ စက်တင်ဘာလ ၂၅ ရက်ကနေ ၂၇ ရက်အထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို အိမ်ရှင်တရုတ်၊ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံက အသင်းပေါင်း ၂၆ သင်းဝင်ရောက်ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာလှေလှော်အဖွဲ့ဟာ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲပြီးရင် ၂၀၂၆ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော် ပြိုင်ပွဲ(ICF Dragon Boat World Championship 2026) ကို ဆက်လက်ဝင်ရောက် ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ (ICF Dragon Boat World Championship 2026) ကို တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာ စက်တင်ဘာလ ၃၀ ရက်ကနေ အောက်တိုဘာလ ၃ ရက်အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ အမျိုးအစား ၃ မျိုး ထည့်သွင်းကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲဝင်နိုင်ငံတစ်နိုင်ငံဟာ အမျိုးအစားတစ်မျိုးမှာ တစ်သင်း ပါဝင်ယှဥ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

24 Sep

ADVERTISE HERE .