“အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ ကဏ္ဍအသီးသီးပူးပေါင်းပါဝင်ရန် ကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း”
24 Sep
အဂတိလိုက်စားမှုက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ အဓိကအဟန့်အတားဖြစ်တာကြောင့် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များမှာ တစ်ဦးတစ်ယောက်မှစ၍ ကဏ္ဍအသီးသီးရှိ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင် ကြရန်လိုအပ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက စက်တင်ဘာလ ၂၂ ရက်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တို့ ပူးပေါင်းကျင်းပတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းနှင့် အညီ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဂတိလိုက်စားမှုကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ နှောင့်နှေးစေတဲ့အပြင် ဂုဏ်သိက္ခာ ကျဆင်းစေနိုင်သဖြင့် တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ရှောင်ကြဉ်ကြရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်းခဲ့ ပါတယ်။ လက်ရှိမှာ အဆိုပါဝန်ကြီးဌာန၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU) ဖွဲ့စည်းထားပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)