“ခရီးသည်များ၏ ဖုန်းအတွင်း ဥပဒေနှင့်မညီတဲ့ ဓာတ်ပုံ၊ ဗီဒီယိုများ မပါရှိစေရန် DPTOA အသိပေး”
24 Sep
ဘုရားဖူးခရီးစဉ်များ ဘေးကင်းလုံခြုံစွာသွားလာနိုင်ရေးအတွက် ခရီးသည်များ၏ မိုဘိုင်းဖုန်းများအတွင်း ဥပဒေနှင့်မညီတဲ့ ဓာတ်ပုံ၊ ဗီဒီယိုများ မပါရှိစေရေးရန် အထူးသတိပြုကြရန် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်း(DPTOA) က စက်တင်ဘာလ ၂၁ ရက်မှာ အသိပေးနှိုးဆော်ထားပါတယ်။ ဒါ့အပြင် ခရီးသည်များအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်(NRC)သို့မဟုတ် ရဲစခန်းမှ ခရီးသွားထောက်ခံစာ ယူဆောင်လာကြရန်နှင့် ခရီးသွားလမ်းညွှန်(Guide)များအနေဖြင့် လမ်းခရီးရှိ စစ်ဆေးရေးအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ကြရန် အသိပေးထားပါတယ်။ ဘုရားဖူးယာဉ်များကို နံနက် ၅ နာရီနှင့် နောက်ပိုင်းမှ စတင်ထွက်ခွာစေပြီး စုရပ်သို့ ပြန်လည်ရောက်ရှိချိန်ကို ည ၈ နာရီမှ ၁၀ နာရီအတွင်း ဖြစ်စေရန် ခရီးစဉ်ရေးဆွဲစေလွှတ်ကြရန်လည်း နှိုးဆော်ထားပါတယ်။ အသင်းဝင်များအနေနဲ့ အသင်းဝင်ကတ်နှင့် လုပ်ငန်းလိုင်စင်မိတ္တူများကို ယာဉ်ပေါ်မှာ ယူဆောင်သွားရန်၊ လုပ်ငန်းရှင်များက လိုအပ်တဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာလိုင်စင်များကို သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရယူထားရန်လည်း ဖော်ပြထားရှိပါတယ်။ ခရီးစဉ်ပြီးဆုံးချိန်မှာ ခရီးသည်များ အိမ်ပြန်ရာမှာ အဆင်ပြေစေရေးအတွက် Guide များက Taxi(Grab) ငှားရမ်းပေးခြင်း၊ ယာဉ်နံပါတ်မှတ်တမ်းတင်ထားခြင်းနှင့် ခရီးသည်အိမ်ရောက်ချိန်မှာ Guide မှ ဖုန်းပြန်ဆက်စေခြင်း တို့ဆောင်ရွက်ရန်လည်း ပါရှိပါတယ်။ ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အသင်းဝင်ဂိတ်အချင်းချင်း အသိပေး ရန်နှင့် DPTOA Member Group ထံ စာရေးသားအသိပေးရန် နှိုးဆော်ထားကြောင်း သိရပါတယ်။ (NVS 008)