“လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲသော ငွေပင်လယ်စက်မှုဇုန်ရှိ စက်ရုံတစ်ရုံကို အမှုဖွင့်အရေးယူ”
24 Sep
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်း၊ ငွေပင်လယ်စက်မှုဇုန်ရှိ “777” ပလတ်စတစ်စက်ရုံမှာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဆုံးရှုံးခဲ့တဲ့ ဓာတ်အားယူနစ် ၁၀ ဒသမ ၄၆၈ သန်းအတွက် လျော်ကြေးငွေ ကျပ် ၇ ဒသမ ၉၀၇ ဘီလီယံ ပြန်လည်ပေးလျော်စေရန်နှင့် လျှပ်စစ် ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဓာတ်အားခိုးယူသုံးစွဲမှုများကို Control Center များမှ စောင့်ကြည့်စစ်ဆေး လျက်ရှိရာ စက်တင်ဘာလ ၂၁ ရက်မှာ အဆိုပါစက်ရုံ၌ တပ်ဆင်ထားတဲ့ 2 MVA ထရန်စဖော်မာနှင့် တွဲဆက်တပ်ဆင် ထားသော မီတာတွင် Alarm ပေါ်ပေါက်ခဲ့ပါတယ်။ ယင်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်၊ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများ ပါဝင်တဲ့ ငါးဦးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့ရာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း သက်သေ အထောက်အထားများနဲ့ စစ်ဆေးတွေ့ရှိခဲ့သဖြင့် မီတာကို ချက်ချင်းဖြုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။ (NVS 008)